ထားဝယ် မတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာသင်ခန်းစာများဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ညွှန်ကြားရေးမှူးဦးလှိုင်ဘုန်းမြင့်က ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ဆရာ/ဆရာမများမွမ်းမံသင်တန်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာသင်ခန်းစာများ လာရောက်ဆွေးနွေးရခြင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများသိရှိလာစေရန်နှင့် ကျောင်းသားလူငယ်များ၏ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး စာသင်ခန်းများမှ စတင်နိုင်ရေးဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အဂတိတိုက်ဖျက်ရေးကော်မရှင်၊ ညွှန်ကြားရေးမှူးဦးလှိုင်ဘုန်းမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းသိန်းတို့က အခြေခံပညာအထက်တန်းအဆင့်ဆရာ/ဆရာမများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုများအား ကြည့်ရှုစေပြီး ဖြစ်ပေါ်နိုင်သည့်အကျိုးဆက်များ၊ ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ ကျင့်ဝတ်ဆိုင်ရာရှု့ထောင့်များကို အဖွဲ့များဖွဲ့၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)