ဇလွန် မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ) အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သြဝါဒါစရိယ ဇင်ယော်ကျွန်း ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသ ထံမှငါးပါးသီလခံယူခဲ့ကြပြီး ဆရာတော် သံဃာတော်များအား နဝကမ္မ ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် သြဝါဒါစရိယ ဇင်ယော်ကျွန်းကျောင်း ဆရာတော် ဘဒ္ဒန္တ သီလဝံသက အနုမောဒနာတရား ချီးမြှင့်၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အမျှအတန်းပေးဝေခဲ့သည်။ ယင်းနောက်တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ) အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မောင်း၊ ကြေးစည်၊ ထိုးစည်များတီးခတ်ပြီး အောင်ပွဲအခမ်းအနား ပြီးမြောက်ခဲ့သည်။
ယင်းနောက် ၁၃၈၅ ခုနှစ် တပေါင်းလမာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာ အသင်းအဖွဲ့များ၊ အလှူရှင်များ၏ စုပေါင်းဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲ လောင်းလှူပွဲကို မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး ဝန်းအတွင်းတွင် ကျင်းပရာ ဇလွန်မြို့နယ် အတွင်းရှိ ကျောင်းပေါင်း (၄၃)ကျောင်းမှ သံဃာတော်(၆၁၁)ပါး ၊ သီလရှင်(၂၂)ပါး စုစုပေါင်း (၆၃၃)ပါးအား ဆန် (၁၀၆)အိတ် ၊ ဆီ ၃၁၆.၅ပိဿာ ၊ ပဲ (၄၀) တင်း ၊ ကြက်သွန်နီ (၆၄၈) ပိဿာ ၊ လ္ဘက်ခြောက်(၆၃.၃)ပိဿာ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း(၂၀၃၃၁၂၀၀) ၊ စာရေးတံမဲအလှူငွေကျပ်သိန်း (၆၃၈၀၀၀၀) ၊ နဝကမ္မလှူဒါန်းငွေကျပ်သိန်း( ၃၁၆၅၀၀၀) ၊ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ)အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များအား လှူဒါန်းငွေကျပ်သိန်း( ၆၆၅၀၀၀၀) ၊စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း (၃၆၅၂၆၂၀၀) တို့ကို စုပေါင်းလောင်းလှူခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)