ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် တိုင်းဒေသကြီးလျှပ်စစ်ရေးဦးစီးဌာန(EI)မှ ညွှန်ကြားထားသော မီးဘေးကာကွယ်ရေးစီမံချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဈေးတာဝန်ခံဝန်ထမ်းများ၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲရင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးခေါင်းရုံး အပါအဝင် ဝန်ထမ်းအိမ်ရာလိုင်းခန်းများ၊ ရုံးအဆောက်အဦများနှင့် ဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများသို့ သွားရောက်ပြီး ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးအတွက် မီးဘေးကာကွယ်ရေး စီမံချက်များနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ အရေးပေါ် ရေရယူအသုံးပြုနိုင်ရန် ဈေးရေလှောင်အုတ်ရေကန်တွင် ရေဖြည့်တင်းထားမှုရှိ/မရှိ၊ မီးဘေးလုံခြုံရေးအတွက် စီစဉ်ထားရှိသော အပေါ့စားမီးငြှိမ်းသတ်ပစ္စည်းများ အသင့်အနေအထား အသုံးပြုရရ/မရ၊ ဈေးလုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများနှင့် ဈေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုသော မီးလိုင်းများ သီးခြားစီ စနစ်တကျ ထိန်းချုပ်အသုံးပြုခြင်း ရှိ/မရှိ စသည့် မီးဘေးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးလိုင်းများ စနစ်တကျသုံးစွဲကြရန်၊ ဈေးအတွင်းမီးလောင်စေနိုင်သော လောင်စာများထားသိုခြင်းများ မပြုလုပ်ကြရန်နှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန်တို့ကို ဈေးတာဝန်ခံနှင့် ဈေးကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးမှာကြားပြီး ဈေး၌ တပ်ဆင်အသုံးပြုထားသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန် လိုအပ်သည်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)