ပြည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပြည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နဝဒေးရပ်ကွက် စက်မှုဇုံ (၂) ရှင်းလင်းဆောင်နှင့် ရွာဘဲရပ်ကွက်၊ ဂန္ဓမာစက်မှုဇုံတို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့် ခံစားခွင့်၊ ကင်းလွတ်ခွင့်ရှိသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယမြို့နယ် ဥပဒေအရာရှိဦးအာကာဇင်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်သည့် သိကောင်းစရာ လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား နဝဒေးစက်မှုဇုံ (၂) ရှင်းလင်းဆောင်တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ အင်အား (၇၀) ဦးဖြင့်လည်းကောင်း၊ ရွာဘဲရပ်ကွက် ဂန္ဓမာစက်မှုဇုံတွင် အင်အား (၇၂) ဦးဖြင့်လည်းကောင်း စုစုပေါင်း (၁၄၂) ဦး တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)