ရွှေတောင်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ ဗဟိုမဏ္ဍပ် တည်ဆောက်မည့် အစီအစဥ်များ၊ ရေကစားမဏ္ဍပ်၌ ယိမ်းအကဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ ကပြဖျော်ဖြေနိုင်ရေးနှင့်နှစ်ဆန်း (၁) ရက်နေ့တွင် သက်ကြီးဘိုးဘွားကန်‌တော့ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့်နှစ်ဆန်း (၂) ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တော်များကို ဆွေးနွေးကြရာ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)