တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

ထားဝယ် မတ် ၂၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ထားဝယ်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ နယ်မြေဒေသဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့နေရသောအခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းအတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံပြီး လာရောက်အားပေးစကား ပြောကြားခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် လုံခြုံရေးအား အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ယခင်နှစ်များကထက် ယခုအခါတွင် ထားဝယ်ဒေသအတွင်း အေးချမ်းလုံခြုံစွာရှိနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း နယ်မြေလုံခြုံရေးအား အလေးအနက်ထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ စုံလင်စွာတွေ့ရှိရသည့်အတွက် ဝမ်းသာကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ကျန်းမာရေး၊ လူမှုရေးအခက်အခဲများ ရှိပါကတင်ပြပေးကြရန် လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)