နတ်မောက် မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/မများအား သင်ကြားရေးစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တို့တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်း၌ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ဒုတိယပညာရေးမှူး ဦးဘုန်းဟန်ဆန်းတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြ ဆရာ/မ (၄၉၉)ဦးတို့အား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြဆရာ/မ (၁၂)ဦးတို့က သင်ကြားပေးလျက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၌ မူလတန်းပြ ဆရာ/မ (၈၆၅)ဦးတို့အား နည်းပြဆရာ/မ (၂၀)ဦးတို့က သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် ဘာသာရပ်အလိုက်စွမ်းရည်မြှင့်သင်တန်းအား (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံက သိရသည်။
လှဝင်း