တောင်ငူ မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် တောင်ငူဒေသထွက် မုန့်ဟင်းခါးခြောက်များ ထုပ်ပိုးမှုစနစ်မြှင့်တင်ရေးနှင့် အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးများ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်ညွှန်းအမှတ်တံဆိပ်အကြောင်း ပြောကြားကာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝင်းထွန်းက တောင်ငူခရိုင်အတွင်းရှိ (MSME) ဆိုင်ရာအချက်အလက်များ၊ စက်မှုလုပ်ငန်း၏ အဓိပ္ပါယ်၊ (SMES) လုပ်ငန်းများ၊ (SME) ဥပဒေအရ အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဌာနမှ ဝန်ဆောင်မှုပေးနေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်က အသေးစားစက်မှု/လက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးပြောကြားပြီး၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ IT တာဝန်ခံ ဦးငြိမ်းမင်းအောင်က (Food Section) မှ ထုတ်ပေးလျက်ရှိသော IR၊ IHC ၊ EHC နှင့် Local (Manufacturing Recommendation) များအား Online မှ (e-submission) စနစ်ဖြင့် လျှောက်ထားခြင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)