တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တောင်ငူ မတ်၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပါအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)