ပေါက်ခေါင်းမြို့၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

ပေါက်ခေါင်း မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ/ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူများအားလုံး၏ ပညာရေးမြင့်မားရေးအတွက် ဆရာ၊ မိဘ၊‌ ကျောင်းသားများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး၊ သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ/ ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား/ ကျောင်းသူများ၏ နားလည်မှုစွမ်းရည်မှာလည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာလမ်းညွှန်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းသို့ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အလယ်တန်းပြ သင်တန်းသားသင်တန်းသူ ဆရာ/ ဆရာမ (၃၄၃) ဦး၊ မူလတန်းပြ ဆရာ/ ဆရာမ (၆၇၉) ဦး တက်ရောက်ပြီး၊ အလယ်တန်းသင်တန်းအတွက် သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီး (၂၄) ဦး၊ မူလတန်းနည်းပြ ဆရာ/ ဆရာမ (၆၀) ဦးတို့က မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)