နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် မတ် ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းက မိဘပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိနားလည်စေရန်နှင့် ဘေးအန္တရာယ်ကြုံလာပါက မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်စေရန်၊ ဘေးအန္တရာယ်အမျိုးအစားများအကြောင်း၊ လူလုပ်ဘေးနှင့် သဘာဝဘေးကြားခြားနားချက်များကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်ခင်ဖြူဝင်းက မိုးကြိုဘေး၊ မီးဘေး၊ မုန်တိုင်းဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က အပူဒဏ်ကာကွယ်ရေးအကြောင်း သိကောင်းစရာကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကန်ကြီးရပ်ကွက်ရှိ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း