လက်ပံတန်းမြို့နယ်အတွင်းရှိ မဲရုံများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး

လက်ပံတန်း နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်သည် သာယာဝတီ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀နာရီ အချိန်က လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ  ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော မဲရုံများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း ဦးဆောင်သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဆန္ဒပြုရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် မဲပေးနိုင်ရန်အတွက် မဲရုံအတွင်း/အပြင် ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးချ ထားမှုနှင့် လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု များကို စစ်ဆေးကြည့်ရှုပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မဲရုံတာဝန်ခံများ နှင့် ညှိနှိုင်းဆွေးနွေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃) အုပ်စုရှိပြီး၊ မဲရုံပေါင်း(၁၇၆) ရုံတွင် တိုင်းရင်းသားရေးရာ မဲရုံ (၇၅)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၃၁၆) ဦးဖြင့် အထွေထွေ ရွေးကောက်ပွဲ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၃၈၄၆၂) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ (၅၀၅၇)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး