ဇလွန် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းလွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဖုန်းဇော်က အခြေခံပညာကဏ္ဍ၊ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည်မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ / ဆရာမများ ဖြစ်နိုင်စေရေး၊ ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျသင်ပြနိုင်မည့် ဆရာ/ဆရာမများအား လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးအတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခြေခံပညာ မူလတန်းဆင့်နှင့် အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့် သင်တန်းကို ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့် ဆရာ၊ ဆရာမ (၉၉၉ ) ဦး ၊အလယ်တန်းဆင့် ဆရာ ၊ ဆရာမ (၃၃၉)ဦး စုစုပေါင်း(၁၃၃၈) ဦး တက်ရောက်သင်ကြားပြီး သင်တန်းကို ( ၂၅. ၃.၂၀၂၄ ) ရက်နေ့မှ ( ၃၀.၃.၂၀၂၄ ) ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်းသိရသည်။
ဝေယံ