ပေါက်ခေါင်း မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ပါဠိပထမပြန်စာမေးပွဲ၊ စူဠဘွဲ့ချီးမြှင့်ပေးအပ်ပွဲနှင့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်ပါဠိပထမပြန်စာမေးပွဲနှင့်ဧပြီလ ၁၀ ရက်နေ့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ရာ ဩဝါဒဆရာတော်ကြီးများ၊ နာယကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များဖွဲ့စည်းထားရှိမှုနှင့် အခမ်းအနားကျင်းပရေးကော်မတီ၊ လုံခြုံရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီများဖွဲ့စည်းထားရှိရန်တို့ကို ပြောကြားပြီး၊ ပေါက်ခေါင်းမြို့၌ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ် တည်ဆောက်မည့်အစီအစဥ်များ၊ ရေကစားမဏ္ဍပ်၌ယိမ်းအကဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ ကပြဖျော်ဖြေနိုင်ရေးနှင့်နှစ်ဆန်း ၁ ရက်နေ့တွင် သက်ကြီးဘိုးဘွားကန်တော့ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်နှစ်ဆန်း ၂ ရက်နေ့တွင်အန္တရာယ်ကင်းပရိတ်တော်များ မြို့တွင်းရွတ်ဖတ်မည့် အစီအစဉ်များကိုဆွေးနွေးကြရာ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြဆွေးနွေးကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)