နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများထုတ်လုပ်ကာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ကြသည်။ ပခုက္ကူအညာဒေသတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့အနက် ဝါစိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဝါဂွမ်းမှတစ်ဆင့် ဆန်းသစ်သောချည်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းလျက်ချသည့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က စိန်ငါးပွင့်၊ ဓာတ်ဆိုး၊ ဆေး၊ ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
မေး။ အရင်ဆုံးလုပ်ငန်းအမည်နှင့် ပိုင်ရှင်အမည်လေးကို မိတ်ဆက်ပေးပါအုံးရှင်။
ဖြေ။ လုပ်ငန်းအမည်ကတော့ စိန်ငါးပွင့်ချည်ဆိုးဆေး၊ ချည်မျှင်နှင့်ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းဖြစ်ပြီး ပိုင်ရှင်အမည်ကတော့ ဦးလှခိုင်+ဒေါ်ခင်စန်းဝင်းနှင့် သားသမီးများဖြစ်ပါတယ်ရှင့်။
မေး။ ဒီချည်ထည်ရောင်းဝယ်ရေးလုပ်ငန်းကို ဘယ်အချိန်က စလုပ်ကိုင်ဖြစ်တာလဲ။
ဖြေ။ ၁၉၈၀ခုနှစ်လောက်ကတည်းက စလုပ်ဖြစ်တာပါ။ လုပ်ငန်းစတင်လုပ်ဆောင်ချိန်က ကိုယ်ပိုင်ရက်ကန်းလေး တစ်စင်၊ နှစ်စင်လောက်ထောင်ပြီး ရက်ကန်းသမအငှာလေးတွေနဲ့ လုပ်ကိုင်ဖြစ်ခဲ့တာပါ။
မေး။ လုပ်ငန်းဆောင်ရွက်ဖြစ်ခဲ့ပုံနှင့်ရည်ရွယ်ချက်လေးလည်း သိပါရစေရှင်။
ဖြေ။ လုပ်ငန်းစတင်ဖြစ်ခဲ့ပုံကတော့အစက ကျွန်မတို့ဖေဖေက ဝန်ထမ်းတစ်ဦးပါရှင့်၊ ဝန်ထမ်းလောကမှ အနားယူသွားတဲ့အချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ စဉ်းစားရာကနေ ကျွန်မတို့ ပခုက္ကူဒေသရဲ့ အထင်ကရထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ချည်ထည်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။
မေး။ ချည်ထည်ကုန်ပစ္စည်းအမျိုးပေါင်း ဘယ်နှစ်မျိုးလောက် ထုတ်လုပ်ရောင်းချပါသလဲရှင်။
ဖြေ။ ချည်ထည်အမျိုးအစားတွေကတော့ တတ်နိုင်သလောက် စုံလင်စွာ ထုတ်လုပ်ရောင်းချပေးလျက်ရှိ ပါတယ်။ အမျိုးအစားတွေအနေနဲ့ကတော့ စောင်အမျိုးမျိုး၊ တဘက်၊ စားပွဲခင်း၊ လက်သုတ်ပုဝါ၊ ခေါင်းအုံးစွပ်၊ ပုဆိုး၊ လုံချည်၊ အင်္ကျီစ စသဖြင့်ပေါ့။ စောင်မှာဆိုလည်း အမျိုးအစားပေါင်း(၅၀)ခန့်၊ လက်သုတ်ပုဝါအမျိုးအစားပေါင်း(၁၀)ခန့်၊ တဘက်စောင်အမျိုးအစားပေါင်း(၁၀)မျိုးခန့်ကို ခေတ်နှင့်အညီဖြစ်အောင် ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းမျိုးစုံဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ချည်ချောထည်တွေသာမက ကုန်ကြမ်းတွေဖြစ်တဲ့ ချည်ထုတ်၊ ဆိုးဆေးတွေကိုလည်း ရောင်းချလျက်ရှိပါတယ်။
မေး။ ပခုက္ကူချည်ထည်တွေ ဖြန့်ချီနေတဲ့အခြေအနေနှင့် ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းကိုလည်း သိပါရစေရှင်။
ဖြေ။ ပခုက္ကူချည်ထည်ကတော့ လူအများစုက စိတ်ဝင်စားကြတာကိုတွေ့ရပါတယ်။ ဖြန့်ချီမှုအနေနဲ့ ကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ အောင်လံ၊ သရက်၊ ဘားအံ၊ ဂန့်ဂေါ၊ မုံရွာနှင့်တောင်ကြီး မြို့တွေကို အဓိကဖြန့်ချီရပါတယ်။ အဲ့ဒီဒေသတွေမှာ ကိုယ်စားလှယ်တွေရှိပြီး လက်လီ၊ လက်ကားစနစ်နဲ့ ပစ္စည်းမှန်၊ ဈေးမှန်နဲရောင်းချပေးလျက်ရှိပါတယ်။ ရောင်းအားအကောင်းဆုံးကုန်ပစ္စည်းကို ပြောရမယ်ဆိုရင်တော့ စောင်၊ စားပွဲခင်း၊ လက်သုတ်၊ တဘက်၊ ပုဆိုး၊ လုံချည်၊ အင်္ကျီစတွေဖြစ်ပြီး အညာဒေသလက်ဆောင်အဖြစ်ပေးရင်လည်း လှသလို ပခုက္ကူချည်ထည်တွေကို လူအများက နှစ်သက်ကြလို့ ထုတ်ကုန်အားလုံးကို လူအများကြိုက်နှစ်သက်အောင် ပိုမိုကြိုးစားထုတ်လုပ်ပေးရပါတယ်။
မေး။ ကုန်ကြမ်းစုဆောင်းရရှိမှုအခြေအနေလေးလည်း သိပါရစေရှင်။
ဖြေ။ ကုန်ကြမ်းကတော့ မန္တလေးချည်စက်ရုံတွေကနေ ဝယ်ယူရရှိပါတယ်။
မေး။ ကုန်ချောဖြစ်လာဖို့အတွက် ဆောင်ရွက်ပုံလုပ်ငန်းအဆင့်ဆင့်ကိုလည်း သိပါရစေရှင်။
ဖြေ။ ကုန်ကြမ်းတွေဖြစ်တဲ့ သဘာဝချည်ထုတ်ကနေ ဆေးဆိုး၊ ချည်ဇာနင်း၊ ချည်ချ၊ ချည်ငှင်၊ လိပ်လုံး ရှည်တွေ အရင်လုပ်ရပါတယ်။ ပြီးတော့မှ ရက်ကန်းစင်တင်ပြီး ချည်ထည်အဖြစ် အဆင့်ဆင့်ရက်လုပ် ဆောင်ရွက်ရပါတယ်။
မေး။ လက်ရှိ လည်ပတ်နေတဲ့ ရက်ကန်းစင်နှင့် အလုပ်သမားဦးရေလေးလည်း သိပါရစေရှင်။
ဖြေ။ လက်ရှိမှာတော့ ပခုက္ကူမြို့ပေါ်အပါအဝင် မြို့နှင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်ဆောက်၊ လေးတန်း၊ ကြီးရွာ၊ လေးတန်း စတဲ့ကျေးရွာတွေမှာ မိသားစုတွေအလိုက် ရက်ကန်းစင် သုံးစင်၊ ငါးစင်၊ (၁၀)စင် စသဖြင့် တည်ထားပြီး အလုပ်သမားဦးရေကတော့(၅၀)ဦးနဲ့ (၁၀၀)ဦးအကြား ပုံမှန်လည်ပတ် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နှင့် ရေစကြိုမြို့နယ်တွေမှာ တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေနှင့်လည်း ချိတ်ဆက်ပြီး အထည်တွေသိမ်းယူပြီး ရောင်းချလျက်ရှိပါတယ်။
မေး။ နိုင်ငံတော်ရဲ့ ပံ့ပိုးပေးမှုရယ်။ အစိုးရဌာနဆိုင်ရာတွေနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေလေး တွေလည်း သိပါရစေရှင်။
ဖြေ။ နိုင်ငံတော်အဆင့်အနေနဲ့ကတော့ ပံ့ပိုးပေးတာမျိုးမရှိသေးပါဘူး။ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။
မေး။ နိုင်ငံတော်အဆင့် ဒေသထွက်ကုန်၊ ထုတ်ကုန်ပြပွဲတွေမှာရော ပါဝင်ပြသဖူးတာရော ရှိပါသလား။
ဖြေ။ မိသားစုနှင့်အလုပ်အမားအခက်အခဲတွေကြောင့် နိုင်ငံတော်အဆင့် ဒေသထွက်ကုန်၊ ထုတ်ကုန်ပြပွဲတွေမှာ ကိုယ်တိုင်ထုတ်ကုန်ပစ္စည်းတွေ ပါဝင်ပြသဆောင်ရွက်တာမျိုးမရှိခဲ့ပါဘူး။ ပခုက္ကူဒေသတွင်း ဌာနဆိုင်ရာတာဝန်ရှိလူကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အကြီးအကဲများ ခရီးစဉ်တွေမှာ ဒေသထွက်ကုန်ပစ္စည်းပြပွဲအဖြစ် ကျွန်မတို့ရဲ့ ချည်ထည်ထုတ်ကုန်ပစ္စည်း အမျိုးစုံလင်စွာ ယူဆောင်ပြသလေ့ရှိပါတယ်။
မေး။ လက်ရှိလုပ်ငန်းအတွက် တွေ့ကြုံနေရတဲ့အခက်အခဲလေးလည်း သိပါရစေရှင်။
ဖြေ။ ယခင်ဝယ်လိုအားနှင့်ရောင်းလိုအားမှာ လက်မလည်အောင် အရောင်းအဝယ်များဖြစ်ခဲ့ပေမယ့် လက်ရှိ ဒေသအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု အခြေအနေတွေကြောင့် ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက်ပြီး ကုန်ချောပစ္စည်းများကိုလည်း အချိန်နှင့်တပြေးညီ အပ်နှံရန်အတွက် အခက်အခဲတွေရှိပါတယ်။ အရောင်းအဝယ်နည်းပါးချိန်မှာလည်း အလုပ်သမားတွေ အလုပ်အကိုင်ခက်ခဲမှု မရှိစေဖို့အရေး ပုံမှန်အထည်တွေ သိမ်းယူရင်းနှီးထားရချိန်တွေမှာ အခက်အခဲလေးတွေ ကြုံတွေ့ရပါတယ်။
မေး။ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်မည့်လူငယ်များအတွက် အကြံပြုစကားလက်ဆောင် ပြောပေးပါအုံးရှင်။
ဖြေ။ လူငယ်တွေအနေနဲ့ မိမိစတင်လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းအကြောင်းကို စနစ်တကျ စေ့စပ်သေချာစွာ လေ့လာသင်ယူပြီး အဲ့ဒီလုပ်ငန်းရဲ့အားသာချက်၊ အားနည်းချက်တွေနှင့် အတွေ့အကြုံတွေကို နည်းလမ်းကောင်းများဖြင့် အခြေခံကာ အောင်မြင်အောင် ကြိုးစားလုပ်ကိုင်စေလိုကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။
မေး။ ပခုက္ကူဒေသထွက် ချည်ထည်တွေကို လူအများစုက ဘာကြောင့်နှစ်သက်ကြတယ်လို့ ထင်ပါသလဲ။
ဖြေ။ ပခုက္ကူဒေသထွက် ချည်ထည်တွေဟာ ချည်အစစ်နဲ့ ရက်လုပ်ထားတဲ့ အထည်တွေဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းသုံးရာသီမရွေး ဝတ်ဆင်နိုင်တဲ့အတွက် လူအများစုက ကြိုက်နှစ်သက်ကြတာပါ။ ချည်ထည်တွေ နှင့်ပတ်သက်ပြီး လူအများစုကခေါ်ဝေါ်သုံးနှုန်းတဲ့ စကားတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “နွေမှာအေး၊ ဆောင်းမှာနွေး”ပဲဖြစ်ပါတယ်။ ချည်ထည်ရဲ့ သဘောသဘာဝအရ နွေရာသီကာလမှာ ဝတ်ဆင်ရင် အပူဒဏ်ကာကွယ်ပြီးသားဖြစ်လို့ အေးတဲ့အရသာကို ခံစားရတယ်။ ဆောင်းရာသီကာလမှာ ဝတ်ဆင်ပြန်တော့လည်း အအေးဓာတ်ကို ကာကွယ်ပေးတဲ့အတွက် နွေးတဲ့အရသာကို ခံစားရပြန်ပါတယ်။ ပခုက္ကူချည်ထည်ဟာ ချည်အစစ်ဖြစ်တဲ့အပြင် ရာသီဥတုသုံးပါးလုံးနဲ့ ကိုက်ညီသည့် အထည်အမျိုးအစားဖြစ်တဲ့အတွက် လူအများစုက ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။
မေး။ အခြားဆွေးနွေးလိုသည်များရှိရင်လည်း ဆွေးနွေးပေးပါအုံးရှင့်။
ဖြေ။ ပခုက္ကူချည်ထည်ဟာ ဒေသရဲ့အထင်ကရဒေသထုတ်ကုန်အဖြစ် ဂုဏ်ယူစွာသုံးစွဲနိုင်တဲ့ပစ္စည်းဖြစ်ပြီး ရာသီမရွေးဝတ်ဆင်ဖို့ သင့်လျော်တာရယ်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ သုံးစွဲနိုင်တာရယ်၊ ခရီးသွား လာရာမှာ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်တာရယ်၊ မိဘလူကြီးသူမတွေကို လက်ဆောင်(သို့မဟုတ်) ကန်တော့ပစ္စည်းအဖြစ်ပေးဖို့ အဆင်ပြေတာရယ်တွေကြောင့် ကျွန်မတို့အနေနဲ့ မိသားစုအကျိုးစီးပွားထက် တိုက်ရိုက်ဝယ်ယူသုံးစွဲသူပြည်သူတွေအတွက်ပါ အကျိုးဖြစ်ထွန်းတဲ့ ချည်ထည်ပစ္စည်းတွေဖြစ်ဖို့အရေး အစဉ်အမြဲကြိုးစားထုတ်လုပ်ပေးနေပါတယ်။ ပြီးတော့ ဒေသခံပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်း များရရှိစေဖို့ တစ်ဖက်တစ်လှမ်းကနေ ကူညီပံ့ပိုးပေးနိုင်တဲ့လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်း - စန်းယုမော်(ပြန်/ဆက်)
ဓာတ်ပုံ - ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)