ပုသိမ်မြို့ သရောင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်အခါတော်သမယနေ့၌ စုပေါင်းလောင်းလှူကြသည့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

ပုသိမ် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာ သရောင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးတွင် နှစ်စဥ်တပေါင်းလပြည့်ရောက်တိုင်း ကျင်းပမြဲ​​ဖြစ်သည့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကြီးကို မတ်လ(၂၄)ရက်၊ ညနေ(၄)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘုရားကြီးကုန်းကျေးရွာ၊ ဘုရားကြီးကုန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာဝံသထံမှ ​ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက် တည်ခဲ့ကြပြီး ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ကြသည်။ ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲကိုပြုလုပ်ရာ ပေါက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးမှ အလှူရှင်အပေါင်းတို့က ဆွမ်းဆန်တော်နှင့် ဆေးဝါးပစ္စည်းများ၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများလောင်းလှူပူဇော်ခဲ့ကြသည်။ ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲသို့ ပုသိမ်မြို့ပေါ်ရှိ ကျောင်းပေါင်း(၄၀) တို့မှသံဃာတော် (၁၀၈) ပါးနှင့် ကျေးရွာအုပ်စုအတွင်းရှိ သီလရှင်အပါး(၂၀)တို့ ကြွရောက်အလှူခံယူတော်မူခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)