စေတုတ္တရာ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဖွင့်လှစ်သော ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း စေတုတ္တရာတွင် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ သင်ကြားသင်ယူမှုများ ထိရောက်မှုရှိစေရန် စနစ်သစ်ဘာသာရပ်များအားလည်း သင်ကြား၍ ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများ လွယ်ကူစွာ သင်ကြားပို့ချပေးနိုင်ရေး ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ်သင်တန်းကို အကျိုးရှိစွာဖြင့် သင်ကြား၍ သင်တန်းဆိုင်ရာစည်းကမ်းချက်များကို သင်တန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမများလိုက်နာမှုရှိစေရန် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူရုံးမှ လက်ထောက်ဆရာ၊ ဆရာမများက သင်တန်းဆောင်များရှိရာသို့ သင်တန်းပို့ချပေးရာတွင် လိုအပ်မှုများမရှိစေရေး လိုက်လံစစ်ဆေးကာ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေး၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှလည်း ဆရာ၊ ဆရာမ သင်တန်းသား/သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် ဆောင်ရွက်ထားရှိသည်။
ထို့နောက် စေတုတ္တရာမြို့နယ်ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို အခြေခံပညာဦးစီးဌာနရှိ မြို့နယ်ပညာရေးဌာနမှ မူလတန်းပြဆရာ၊ ဆရာမ(၄၈၀)ဦး၊ အလယ်တန်းပြဆရာ၊ ဆရာမ(၂၅၇)ဦး စုစုပေါင်း(၇၃၇)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပြီးနောက် သင်တန်းကာလ(၅)ရက်အကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)