ဖြူးမြို့နယ်၌ အလယ်တန်း၊ မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်နှင့် မွမ်းမံသင်တန်းပို့ချ

ဖြူး မတ်လ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အလယ်တန်း၊ မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်နှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချပေးရာ ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အ.ထ.က (၁) ကျောင်း ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

သင်တန်းပို့ချရာတွင် မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်နှင့် မွမ်းမံသင်တန်းကို အ.ထ.က (၁) ကျောင်း၌ အခြေခံပညာမူလတန်းအဆင့် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာသင်ကြားပို့ချသည့် ဆရာ/ ဆရာမ (၁၀၆၄) ဦး၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်နှင့် မွမ်းမံသင်တန်းကို အ.ထ.က (၂) ကျောင်း၌ အခြေခံပညာမူလတန်းအဆင့် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာသင်ကြားပို့ချသည့် ဆရာ/ ဆရာမ (၆၇၅) ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ ဆရာမများက စွမ်းဆောင်ရည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ လက်​တွေ့ဆောင်ရွက်မှုများ၊ အရည်အသွေးမြှင့်တင်ခြင်းကို စာတွေ့၊ လက်တွေ့ဘာသာရပ်အလိုက် မတ်လ (၂၅) ရက်မှ မတ်လ (၃၀) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)