နတ်မောက် မတ် ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပညာရေးမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီလူငယ် ကင်းထောက်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက သင်တန်းတက်ရောက်မည့် ကင်းထောက် ကျောင်းသား/သူများအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းပြည်အပေါ် သစ္စာရှိဖို့လိုကြောင်း၊ တိုင်းပြည်ကအားထားရသည့် လူငယ်များဖြစ်လာစေရန် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်ကိုယုံကြည်ပြီး စိတ်ဓာတ်ခိုင်မာသူများလာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးက သင်တန်းတက်ရောက်သည့် ကျောင်းသား/သူများ သင်တန်းကာလတွင် ရက်မပျက်စေရန်နှင့် သင်တန်းပို့ချချိန်တွင် ဂရုပြုလိုက်နာ ဆောင်ရွက်စေရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးက ကင်းထောက်သင်တန်းသား/ သူများအား ဗလာစာအုပ်နှင့် ဘော့ပင်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ နတ်မောက်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီလူငယ်ကင်းထောက်သင်တန်းအား မတ်(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ သင်တန်းသား/သူ(၄၀)ဦး တက်ရောက်၍ နည်းပြဆရာ(၂)ဦးတို့က ကင်းထောက်ဆိုင်ရာ အသိပညာအတတ်ပညာဗဟုသုများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း