ဆင်ပေါင်ဝဲ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံပညာ (လယ်၊ မူ) အဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံပညာ(လယ်၊မူ)အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပရခြင်းမှာ ဆင်ပေါင်ဝဲမြို့နယ်အတွင်း (အလယ်တန်း၊ မူလတန်း)အဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများတက်ရောက်ပြီး မြို့နယ်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသော ဆရာ၊ ဆရာမများက မတ်လ (၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဆွေးနွေးပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)