ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပဲခူး မတ် ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်ကထူးမခြားနားရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့်စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ပဲခူးမြို့၊ မြို့မစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သုံးဆယ်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာလင်္ကာရ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးတို့က ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရာလင်္ကာဘိဝံသ အရှင်မြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိမှုမှာ မဟာဂန္ထဝါစကပဏ္ဍိတ () ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ (၁၁) ပါး၊ မဟာကမ္မဌာနာစရိယ () ပါး၊ ဓမ္မကထိကဗဟုဇန ဟိတာဓရ () ပါး၊ ဂန္ထဝါစကပဏ္ဍိတ () ပါး၊ သဒ္ဓမ္မဇောတိကဓဇ () ပါး၊ ကမ္မဌာနာစရိယ () ပါး၊ စုစုပေါင်း ရဟန်း/ သံဃာ (၃၄) ပါးနှင့် သီလရှင် () ပါးတို့ ရရှိကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)