မြိတ်မြို့တွင် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေခြင်းနှင့် နည်းပညာပေးသင်တန်း ဖွင့်လှစ်

မြိတ် မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒေသတွင်း MSME တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ စွန့်ဦးတီထွင်သူများပေါ်ထွက်လာစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေခြင်းနှင့် နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို MSME လုပ်ငန်းရှင်များ ထုတ်လုပ်မှုကဏ္ဍများတိုးမြှင့် ထုတ်လုပ်လာနိုင်စေရန်၊ လိုအပ်သောထုတ်လုပ်မှုနည်းစဉ် idea များနှင့် နည်းပညာများ ရရှိအသုံးပြုနိုင်စေရန်၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ဒေသတွင်းကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးကွက်နှင့် အရည်အသွေးယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးနိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်၊ စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးနှင့်ညီညွတ်သော လူသုံးကုန်/စားသောက်ကုန်များ ထုတ်လုပ်ပေးနိုင်ရန်၊ မြိတ်ခရိုင်အတွင်း ထုတ်ကုန်သစ်များတိုးချဲ့ထုတ်လုပ်လာနိုင်စေရန်နှင့်သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲ၌ သုသေတနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကားပြောကြားသည်။ ထိုနောက် မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းက တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။

သင်တန်းတွင် နာနတ်သီးမှ Juice ပြုလုပ်နည်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ Sauce အနှစ်အချဉ်ရည်ပြုလုပ်နည်း၊ မုန့်ဖုတ်နည်း (ပေါင်မုန့်၊ကိတ်မုန့်)၊ ငှက်သိုက်မှ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်နည်း၊ စိုက်ပျိုးထုတ်ကုန်သီးနှံများအား အခြောက်ခံခြင်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွာမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ကြပြီး မတ်လ (၂၅) ရက်မှ (၃၀) ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဦးဆောင်၍ မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)