ကြို့ပင်ကောက် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးအစီအစဉ်တွင် တတိယ မြောက် မီးလင်းသည့် ကျေးရွာအဖြစ် ဥက္ကံကျေးရွာအုပ်စု ဥက္ကံကျေးရွာသည် အောက်တိုဘာလ ၂၈ ရက်နေ့က မီးစတင်လင်းပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါဥက္ကံကျေးရွာတွင် အိမ်ခြေ ၆၀ ဖြင့် လူဦးရေ ၂၂၁ ဦး နေထိုင်လျက်ရှိရာ ကျေးရွာတွင်း သွယ်တန်း သော ၄၀၀ ဗို့လိုင်း ၂၁၀၀ ပေ၊ ကွန်ကရစ်တိုင် ၁၇ လုံးနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ်များကို
(VDP) ကျေးရွာစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ နှင့် ကျေးရွာလူထု ထည့်ဝင်ငွေကျပ် ၄၅ သိန်း ပူးပေါင်းကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သောကြောင့် ကျေးရွာအတွင်း အိမ်ခြေ ၄၅ လုံးတွင် လျှပ်စစ်မီးရယူသုံးစွဲနိုင်ခဲ့ကြောင်း အဆိုပါမီးလင်းရေး စီမံကိန်းကို အောင်မြင်ရန် ၂၀၁၅ ခုနှစ်ကတည်းက စတင်ကြိုးစားခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကို မတ်လအတွင်းက ရရှိသောကြောင့် မီးလင်းရေးစီမံကိန်းလုပ်ငန်းများ အောင်မြင်မှုရရှိခဲ့ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးက ပြောကြားသည်။
ကျေးလက်မီးလင်းရေး လုပ်ငန်းစီမံကိန်းများကြောင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဥက္ကံကျေးရွာ၊ ရန်ကြီးအောင် ကျေးရွာ၊ ကြံတောစုကျေးရွာ၊ ကံကြီးကျေးရွာနှင့် ချောင်းပေါက်ကျေးရွာ တို့တွင် (VDP) စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးလက်မီးလင်းရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)