မြောင်းမြ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် Book Club အဖွဲ့ နာယက ဆရာကြီးဦးခင်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေထက်ထက်တို့က အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကို Youth Club အဖွဲ့ဝင်များဖြစ်ကြသောဆရာ ဦးဟန်ဇင်နိုင်းနှင့် ဆရာမဒေါ်ခင်သန္တာအောင် တို့ကသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၃၀ရက်နေ့အထိ အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၆၀ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြကြောင်း သိရသည်။
ဝေဝေ (မြောင်းမြ)