ဒေးဒရဲ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစနစ်နှင့် အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်သည့် ဆရာ၊ ဆရာမများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှစိုးက အခြေခံပညာနှင့် ပညာရေးမြှင့်တင်မှု လုပ်ငန်း များ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည်မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်ပေါ်လာစေရေး၊ ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့် အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ပြနိုင်မည့် ဆရာ၊ ဆရာမများအား လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးလေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ယခုသင်တန်းက ပို့ချပေးမည့် သင်ခန်းစာများကို သေချာမှတ်သား အသုံးချ၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားပြသပေးသွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် လက်ထောက်ပညာရေးမှူး ဦးစိုးပိုင်တို့က သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၈၉၀)ဦး၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၄၉၇)ဦး စုစုပေါင်း(၁၄၈၇) ဦးအား သင်တန်းဆရာ၊ ဆရာမ (၁၀၂)ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့ အထိ (Grade-6)မှ (Grade-9)၊ (KG)မှ (Grade-5) သင်ရိုးညွှန်းတမ်း ဘာသာရပ်များကို နေ့စဥ် နံနက် (၉)နာရီက ညနေ (၄)နာရီထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း