ခန္တီးမြို့နယ်၌ မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

ခန္တီး မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ်မှ စိုက်ပျိုးရေး ပညာရှင်များနှင့် တိုင်းဒေသကြီး မျိုးစေ့ဌာနခွဲတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် တောင်စောင်းစိုက်ပျိုးနည်းစနစ်နှင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးရာသီဥတုနှင့် ကိုက်ညီမည့် မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဉာဏ်လွင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က ခန္တီးမြို့နယ်တွင် တောင်ကုန်း တောင်စောင်းပေါများသည့်အတွက် ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ် အသုံးချစိုက်ပျိုးတတ်လာစေရန်၊ ဒေသစားရေးရိက္ခာဖူလုံရေး အထောက်အကူဖြစ်လာစေရန်၊ စိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးနိုင်စေရန်နှင့် ကော်ဖီသီးနှံအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ပြီး မိသားစုဝင်ငွေများ ရရှိလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သက်ဆိုင်သူများက ​​​ကော်ဖီမျိုး​စေ့များ၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များအား တောင်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းပြုလုပ်ရာ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မျိုးစေ့တာဝန်ခံ ဦးရဲမင်းလှက ရာသီဥတုနှင့် လိုက်လျောညီထွေသော မျိုးကောင်းမျိုးသန့် သုံးစွဲရေး ပညာပေးနည်းစနစ်များကိုလည်းကောင်း၊ ရုံးချုပ်ရာသီကော်ဖီဌာနခွဲမှ ဦးစီးအရာရှိ ဦးသူရိန်နိုင်က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးရေးနည်းစနစ်များကိုလည်းကောင်း၊ရုံးချုပ်မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးကျော်သက်ဦးက သဘာဝမြေဩဇာနှင့် ဇီဝမြေသြဇာပြုလုပ်သုံးစွဲရေးနည်းစနစ် များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးဟန်မင်းဦးက ကော်ဖီပျိုးထောင်နည်းနှင့် စိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ဖြူဇာဝင်းက မီးခိုးမြူငွေ့ကင်းစင်ရေး နည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မြမဉ္ဇူက အစေ့ထုတ် ပြောင်းစိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြပြီး တောင်သူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ရာ သက်ဆိုင်သူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မိတ်ဖက်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)