ပန်းတနော် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ရှေးဟောင်းသမိုင်းဝင် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ တပေါင်းလ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့၊ မတ်လ ၂၄ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကတော့ပြီး နိုင်ငံတော်သံဃာ့မဟာ နာယက ပန်းတနော်မြို့ ပုခန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် မြို့နယ်သာသနာ့ နုဂ္ဂဥပဋ္ဌာကဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့မှ သာသနာရေး ဆိုင်ရာဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းလျှောက်ထားခဲ့ပြီး အောင်သပြေကုမ္ပဏီမိသားစုမှ ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ထာဝရငွေပဒေသာပင်အတွက် အလှူငွေကျပ်သိန်း (၁၅၀)နှင့် ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအတွက် အလှူငွေကျပ်သိန်း (၅၀) တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် မြို့နယ်သာသနာ့နုဂ္ဂဥပဋ္ဌာက ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့မှ လက်ခံယူပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ဘုရားပွဲတော်ရက်အတွင်း လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ထို့နောက် ကြွရောက်တော်မှုလာကြသော သံဃာတော်အရှင်သူမြတ်များအား စေတနာရှင်အလှူရှင်ပြည်သူများမှ ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)