မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း မတ် ၂၅

ဧရာဝတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ဘာသာရပ်စွမ်းရည်မြှင့် ဆရာ/ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြား၊ သင်ယူမှုအရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်း/ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က အ.ထ.က- (၂) ကျောင်း ငုဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားရာ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲ တက်ရောက်လာကြသည့်  သင်တန်းသား၊ သင်တန်းသူ များ အနေဖြင့် သင်တန်းနည်းပြများက သင်ကြားပေးသည့် အတွေ့အကြုံများကို မိမိကျောင်းသို့ ရောက်ရှိသည့်အခါ ကျောင်းအုပ်ကြီးများ၏ ကြီးကြပ်မှုကိုခံယူပြီး မိဘ၊ ဆရာ၊ ကျောင်းသား ဟန်ချက်ညီအောင် ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အခြေခံပညာအထက်တန်းအဆင့် သင်ကြားရေးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသည့် အထက်တန်းအဆင့်သင် ဆရာ/ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းက သင်တန်းနှင့်ပတ်သက် သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်းတန်းတွင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်း၊ မူလတန်း၊ ဘာသာရပ်သင် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူ (၇၁၈) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ခန်းစာဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)