ဒေသခံများအတွက် ကုန်စည်စီးဆင်းမှုသာမက ကဏ္ဍစုံဖွံ့ဖြိုးစေသည့် ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြသည့် ဒေသတစ်ခုဖြစ်သဖြင့် နိုင်ငံတော်၏ စားနပ်ရိက္ခာအတွက် အားထားရသည့် ဒေသ တစ်ခုဖြစ်သည်။ ဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့နယ်သည် ပင်လယ်နှင့် နီးကပ်စွာတည်ရှိနေသော မြစ်ဝကျွန်းပေါ်ဒေသတစ်ခုဖြစ်သည့်အတွက် ပင်လယ်ဒေသရေထွက်ပစ္စည်း အဓိကထားထုတ်လုပ်နိုင် သည့် ဒေသဖြစ်သည့်အပြင် ရာသီ(၃)ခုလုံး၌ ရာသီအလိုက်ဆန်စပါး စိုက်ပျိုးထုတ်လုပ်နိုင်သော ဒေသတစ်ခုဖြစ်သည်။ ၎င်းဒေသမှ ထွက်ရှိသည့် ပင်လယ်ရေထွက် ပစ္စည်းများနှင့် ဆန်၊ စပါးထွက်ကုန်များကို ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ အသုံးပြု၍ မြန်မာပြည်အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက် ရှိပေသည်။

ယခုကဲ့သို့ နိုင်ငံတော်အတွက် အားထားနေရသည့် ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ ကားလမ်းမသည် (၄၂)မိုင် ရှည်လျားပြီး၊ ၂၀၀၈ ခုနှစ်၊ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်က လမ်းပန်းမသာယာ၊ မလွယ်ကူခဲ့သဖြင့် ၎င်းလမ်းမ ပတ်ဝန်းကျင်တစ်လျှောက်မှ ဒေသခံများအတွက် မုန်တိုင်းတိမ်းရှောင်စရာ လမ်းပန်းမရှိသောကြောင့် လေမုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်များ ခံစားခဲ့ရပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

သို့သော် နာဂစ်မုန်တိုင်းပြီး နောက်ပိုင်း၌ အလားတူ အဖြစ်အပျက်များ ပေါ်ပေါက်လာခဲ့ပါက လမ်းပန်းဆက်သွယ်မှုလွယ်ကူစွာဖြင့် အကူအညီပေးနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဆောက်လုပ်ရေး အထူးအဖွဲ့(၁၆)အား နိုင်ငံတော်မှ ချမှတ်ထားသော လမ်းစဉ်အတိုင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို ရည်ရွယ်ကာ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်း (၄၂ မိုင် ၀ ဖာလုံ) ကို မြေသားတဘောင်ဆောင်ရွက်ရန်၊ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေလွတ်တောက်ကုန်းများ ဆောက်လုပ်ရန်နှင့် အမာခံကျောက် လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။

ပေးအပ်သော တာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် (၂၀၀၈) ခုနှစ် ဇွန်လ၊ (၁၀)ရက် နေ့မှ စတင်ကာ လမ်းလုပ်ငန်းများကို လမ်းဆောက်လုပ်ရေးအထူး စီမံကိန်းအထူးအဖွဲ့(၁၆)မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လမ်းပေါ်ရှိ တံတား(၃၇)စင်းရှိသည့်အနက် မူလ တည်ဆောက်ပြီး တံတား(၃)စင်း၊ ယခု တည်ဆောက်ပြီး တံတား(၂၈)စင်း၊ တည်ဆောက်ဆဲတံတား(၆)စင်း၊ စုစုပေါင်း (၃၇)စင်းအား တံတား အထူးအဖွဲ့များမှ တာဝန်ယူကာ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ ဘိုကလေးမြို့နယ်၊ လမ်းဦးစီးဌာနအနေဖြင့် အဆိုပါ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်းကို မိုင်(၉/၀-၁၀/၀)အတွင်း (၁၆၁၄၀ စ/ပေ)ပျက်စီးနေသော ကျောင်လမ်းမျက်နှာပြင်အား (၇၅ မီလီမီတာ) ခွဲကျောက်တွင် ကျောက်အရွယ်စုံညှပ်၍ ဖာထေးကြိတ်ခင်းခြင်း၊ သဲရောကျောက်စရစ် အပွန်းခံလွှာ ခင်းကြိတ်ခြင်း၊ မိုင် (၄/၂-၅/၀) (၆.၈၄ ကီလိုမီတာ - ၈.၀၅ ကီလိုမီတာ) အတွင်း (၆၆၈၄ စ/ပေ) ကတ္တရာလမ်းပေါက်ဖာထေးခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့် အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းတစ်ရပ်အနေဖြင့် ဒေသခံများ၏ အကျိုးစီးပွားကို ရှေးရှုလျက်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဤလမ်းမပေါ်ရှိ တံတား (၃၇)စင်း၏ တံတားများ အဆင့်မြှင့်တင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ တံတားဦးစီးဌာနနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နောင်တွင်လည်း ဘိုကလေးမြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ဒေသခံများ၏ အကျိုးစီးပွားကို ရှေးရှု၍ အဆိုပါလမ်းပေါ်ရှိ လမ်းပိုင်းများနှင့် တံတားများအား စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကြိမ်ချောင်းကြီးကျေးရွာနေ ပြည်သူတစ်ဦးမှ “ကျွန်တော်က ခေတ်အဆက်ဆက် ဒီရွာမှာ နေထိုင်ပြီး လယ်လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ လယ်သမားတစ်ဦးပါ၊ လယ်ယာမြေအတွက် လိုအပ်တဲ့ သွင်းအားစုတွေ၊ ရိတ်သိမ်းခြွေလှေ့ဖို့ စက်ပစ္စည်းတွေ တစ်စုံတစ်ရာ လိုအပ်ရင် ဘိုကလေးမြို့မှာ သွားရောက်ဝယ်ယူရပါ တယ်။ ဘိုကလေးမြို့ကို ကျွန်တော်တို့ ရွာကနေ ရေလမ်းခရီးနဲ့ ညအိပ်ညနေသွားရတာပါ။ အချိန်အရမ်း ကုန်ခဲ့ပါတယ်။ ယခု ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ ကားလမ်းပေါ်လာတော့ ဆိုင်ကယ်နဲ့သွားရင် မြို့ကို တစ်နာရီကျော်ကျော်ဆိုရင် ရောက်ပါပြီ။ အသွားအပြန်ဆို နေ့ဝက်တောင်မကုန်ပါဘူး။ မြို့ကို ဆိုင်ကယ်နဲ့ မသွားချင်ရင်လဲ ရန်ကုန်-ဘိုကလေး-ကဒုံကနိလမ်းကြောင်းကို ပြေးဆွဲတဲ့ လိုင်းကားတွေနဲ့ သွားလို့ရပါတယ်။ ရန်ကုန်ကို တောင်ရွာကနေ တိုက်ရိုက်လိုင်းကားစီးနိုင်တဲ့ အနေအထားဖြစ်နေပါပြီ။ ဒီလမ်းကြီး ပေါ်ပေါက်လာအောင် လမ်းပန်းဆက်သွယ်ရေး သာယာဖြောင့်ဖြူးအောင် ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များကို  ဒေသခံများ၏ ကိုယ်စားအရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ယခင် ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်း မပေါ်ပေါ်က်ချိန်က အဆိုပါ လမ်းပတ်ဝန်းကျင်ရှိ ဒေသခံ များ၏အနေဖြင့် သွားလာရေးခက်ခဲပြီး တစ်သီးတစ်ခြားဖြစ် နေသောကြောင့် ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးကြန့်ကြာပြီး ရေလမ်းတစ်ခုတည်းကိုသာ အားထားခဲ့ရသည်။ ယခုအခါ ရေလမ်း၊  ကုန်းလမ်းပါ  အသုံးပြုနိုင်ပြီဖြစ်သည်။ အထူးအားဖြင့် ရေလမ်းထက် ကုန်းလမ်းကို ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်သောကြောင့် ကုန်စည် စီးဆင်းမှုမြန်ဆန်လာရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လမ်းတစ်ခုဖြစ်နေပေသည်။

အဆိုပါ လမ်းပေါ်မှ ကုန်းလမ်းခရီးဖြင့် ဖျာပုံခရိုင်အတွင်းမှ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်များ၊ ဖျာပုံခရိုင် ပတ်ဝန်းကျင်မှ အခြား အခြားသော မြို့များ၊ ရန်ကုန်တိုင်း ဒေသကြီးအထိပါ နေ့ချင်းပေါက် သွားရောက်နိုင်သဖြင့် ဒေသခံများ၏ ကုန်စည်စီးဆင်းမှု စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းသာလျှင် သာမကပဲ ယခုအချိန်တွင် ကျန်းမာရေး ကိစ္စရပ်များပေါ်‌ပေါက် လာပါက မိမိတို့ ကြိုက်နှစ်သက်ရာ ဆေးရုံ၊ ဆေးခန်းများသွားရောက်နိုင်ခြင်းနှင့် လူမှုရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ ကဏ္ဍစုံအား ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်းအား အသုံးပြု၍ ဆောင်ရွက် နိုင်ပြီဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်များ ကျရောက်လာမည်ဆိုပါက လည်း ဤလမ်းအား ဆက်သွယ်ရေးလမ်းအဖြစ် အသုံးပြု၍ လမ်းပတ်ဝန်းကျင်ရှိ ဒေသခံများအနေဖြင့် မုန်တိုင်းဒဏ်ခံအဆောက်အဦးများသို့ လွယ်ကူစွာ သွားရောက်ခိုလှုံနိုင်ခြင်း၊ အသက်အိုးအိမ်စည်များ ဆုံးရှုံးမှု မရှိသလောက် နည်းပါးလာနိုင်ခြင်း၊ သဘာဝဘေးကျရောက်ပြီးပါကလည်း ကူညီထောက်ပံ့လိုသူများအနေဖြင့် လွယ်ကူလျင်မြန်စွာ သွားရောက်ထောက်ပံ့နိုင်ခြင်းစသော အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်သည်။

ထို့ကြောင့် ဘိုကလေး- ကဒုံကနိ-ကြိမ်ချောင်းကားလမ်းမသည် ထိုလမ်းပတ်ဝန်းကျင်ရှိ ကဒုံကနိ၊ ကြိမ်ချောင်း၊ ချောင်းဗြဲကြီး၊ သရော်ချောင်း၊ ဆတ်ကျွန်း၊ မဂူ၊ မလော့၊ ညီနောင်ဝကျေးရွာအုပ်စု(၈)စု၊ ရွာခွဲပေါင်း(၁၀၉)ရွာမှ လူဦးရေပေါင်း(၅၅၀၀၀)ခန့်အတွက် ကုန်သွယ်မှု စီးဆင်းမြန်ဆန်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝဘေးဒဏ်ရှောင်တိမ်းနိုင်ရေး စသော ကဏ္ဍမျိုးစုံဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အားကိုးအားထားပြုရာ ရတနာတစ်ပါးဟု ညွှန်းဆိုထိုက်သည့် လမ်းမတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်သည်။

မိုးစက်(ဘိုကလေး)