ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဖွင့်လှစ်

ဖျာပုံ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရ​ခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆောင်ရွက်နိုင်သည် အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ယခင် ပထမသင်တန်း တက်ရောက်ပြီးသူ သင်တန်းသူ (၂၀)ဦးအား ထပ်မံ၍ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ)သင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)