မင်းဘူး မတ် ၂၅
တပေါင်းလပြည့်နေ့၊ မြတ်ဗုဒ္ဓပြည်တော်ဝင်နေ့၌ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ စက္ကိန်းတဲဘုရားအပါအဝင် အခြားအထင်ကရနေရာများတွင် အနားယူအပန်းဖြေသူ၊ ဘုရားဖူးသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားသည် မင်းဘူးမြို့နယ်အတွင်း တည်ရှိသောကြောင့် ပွင့်လင်းရာသီနှင့်၊ ရွှေစက်တော်ဘုရားပွဲရာသီများတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ရွှေစက်တော်ဘုရား လာရောက်ဖူးမြော်သည့်အခါ မင်းဘူးမြို့မှ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများတွင်လည်း လာရောက်လေ့လာကြည့်ရှုခြင်း၊ အပန်းဖြေခြင်းအပြင် ဘုရားဖူးသူများလည်း ရှိကြသည်။
ယနေ့သည် တပေါင်းလပြည့်နေ့ဖြစ်သည့်အပြင် စနေ၊ တနင်္ဂနွေနှင့် တိုက်ဆိုင်နေသဖြင့် မင်းဘူးမြို့နယ်အတွင်းရှိ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ ရှင်ပင်ဓာတ်တော်ကုန်းဘုရား၊ ရှင်မင်းဘူးဘုရား၊ ကြောင်လိန်ဘုရား၊ ရွှေမြင်တင်ဘုရားနှင့် သမုတ္တဂီရိ မြစေတီတော်မြတ်ကြီးအပြင် ဆင်စခန်းများတွင်လည်း လာရောက်လေ့လာလည်ပတ်သူ၊ အပန်းဖြေသူ၊ ဘုရားဖူးသူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း ဘုရားဂေါပကဥက္ကဋ္ဌများထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)