ဘောဂလိမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ

ဘောဂလိ မတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် မြို့ဖြစ်ပြီး ဒေသနေပြည်သူ အများစုမှာ တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များ ပေါ်ချိန်ဖြစ်၍ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ကွမ်းသီးစိုက်ပျိုးသည့် ဒေသနေ ပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း (၆) နှစ်ကျော် (၇) နှစ်တွင် စတင်အပွင့်များ ထွက်ပြီး အသီးများသီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ခူးယူလျက်ရှိကြောင်း၊ ကွမ်းသီးပင် တစ်ပင်လျှင် အရင့်မှည့်သီးများကို ခူးယူလေ့ရှိပြီး ယခုနှစ်တွင် ကွမ်းသီးအခြောက် ပြောင်ဈေး တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ ပြောင်လတ်တစ်ပိဿာ (၁၉၀၀၀) ကျပ်၊ ရွေးကျဲကြီးတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဓားခြစ်တစ်ပိဿာ (၁၂၀၀၀)ကျပ်နှင့် ထောင်းကွဲတစ်ပိဿာ (၉၀၀၀) ကျပ်ရရှိသဖြင့် ကွမ်းသီးခြောက်ပေါ်ချိန်တွင် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မူးလားလာ (ပြန်/ဆက်)