ရှမ်းရွာသစ် မတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော "စာပေတာဝန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်မောင်က "ဘာသာစကားအလေးထား" ခေါင်းစဉ်တွင် ပြုပြင်ပြောင်းလဲမည့် ပညာရေးစနစ်တွင် ကမ္ဘာသုံးစကားဖြစ်သော အင်္ဂလိပ်စာကိုလည်း အဆင့်မြှင့်ဖို့လိုပါသည်။ မိခင်ဘာသာစကားဖြစ်သော ဘာသာစကားကိုလည်း အဆင့်မြှင့်ဖို့လိုပါ သည်။ အင်္ဂလိပ်ဘာသာစကားကို ကိုလိုနီအမွေဆိုးအဖြစ် သဘောထားသည့် အဆိုးမြင် အယူအဆများလည်း ပျောက်သင့်ပါပြီ" စသည်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်နော်ဝင်းစိန်က "စာဖတ်ခြင်းဖြင့်ကြီးမြတ်ကြပါကုန်" ခေါင်းစဉ်တွင် ခေါင်းဆောင်တိုင်းသည် စာဖတ်ကျင့်ရှိခဲ့ကြ၏။ စာဖတ်မှသာ အဆင့်မြင့်သောနေရာ၊ တာဝန်သို့ ရောက်ရှိနိုင်၏။ စာမဖတ်လျှင် ဖျင်းသူဖြစ်၏။ ညံ့ဖျင်းလျှင် လူရာမဝင်။ စာဖတ်သူတိုင်း ခေါင်း ဆောင်မဖြစ်သော်လည်း ခေါင်းဆောင်တိုင်းက စာဖတ်ခဲ့ကြ၏။ ပြင်ပဗဟုသုတစာပေမျိုးစုံရရှိရန် စာကြည့်တိုက်များကို အသုံးချကာ ကျယ်ပြန့်စွာ ဖတ်ရှုလေ့လာပါမှသာ အမြင်ကျယ်နိုင်ပါ၏။ သုတက သိစရာများကို ပေးသည်။ ဦးနှောက်ကိုဖွံ့ဖြိုးစေသည်။ ရသစာပေက နှလုံးသားကို ခံစားတတ်အောင် ပျိုးထောင်ပေးသည်" စသည်ဖြင့် စာအုပ်တွင် ပါရှိသည့် ခေါင်းစဉ်များပါ အကြောင်းအရာများကို အကျဉ်းချုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Youth Clubအသင်းနှင့် Book Club အသင်းများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)