ရှမ်းရွာသစ် မတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမှု နည်းပါးလာပြီး ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိရေးအတွက်အနီးရှိ တောတောင်များနှင့် ချောင်းကမ်းနဘေးတွင် သဘာဝအလျှောက် ပေါက်ရောက်သော ရာသီစာ ဇရစ်ရိုးပင်များ ခူးယူရောင်းချကာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇရစ်ရိုးပင်များသည် ယခုအချိန်တွင် တောတောင်များ၌ သဘာဝအလျှောက် ပေါက်ရောက်ပြီး ချောင်းစပ်၊ မြောင်းစပ်များ၌ လှိုင်လှိုင်ထွက်ရှိကြောင်း၊ ဇရစ်ရိုးပင်များကို ဒေသတွင်း ပြည်သူများ နှစ်ခြိုက်စွာ စားသုံးသောကြောင့် ယခုလို အချိန်ရောက်လျှင် ဒေသနေ ပြည်သူအများစုသည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် အဖွဲ့လိုက် နေ့စဉ် လိုက်လံခူးဆွတ်ရောင်းချကြောင်း၊ ယခုနှစ်တွင် ဇရစ်ရိုးတစ်စည်း (၅၀၀) ကျပ်ဖြင့် ရောင်းချ၍ တစ်နေ့လျှင် ငွေကျပ် (၇၀၀၀)ခန့်ထိ ရရှိသဖြင့် အပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသနေ ပြည်သူတစ်ဦး၏ ပြောပြချက် အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဇရစ်ရိုးပင်များသည် ဒေသနေ ပြည်သူအများ နှစ်ခြိုက်စွာ စားကြသည့် သဘာဝ ဟင်းရွက်တစ်မျိုးဖြစ်ကြောင်း၊ ဆေးဖက်ဝင်သည့်အပြင် ထမင်းလည်းမြိန်ကာ ပုံစံ အမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ အပိုဝင်ငွေလည်း ရရှိသဖြင့် ခူးဆွတ်ရောင်းချသူများ ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)