ပန်းတနော် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲရုံများတွင် တာဝန်ယူကြီးကြပ်မည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းအောင်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က နိုဝင်ဘာ (၈) ရက်နေ့တွင် ပြည်သူများအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများအား ကြီးကြပ်၍ မဲရုံးမှူး၊ ဒုမဲရုံမှူးများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးမင်းသန်းက ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မဲရုံများတွင် တာဝန်ယူကြီးကြပ်မည့် ဌာနဆိုင်ရာများအနေဖြင့် သိရှိသင့်သည့် အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြီးကြပ်ရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်ကြမည့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)