ပေါင်းတည်မြို့နယ် ညောင်ပင်ကုန်းကျေးရွာ၌ မီးပေါ့ဆစွာအသုံးပြုမှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ပေါင်းတည်   မတ်   ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်က ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာတွင် မီးပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံးနှင့် ဘေးအိမ်ရှိအပေါ်ထပ်ပျဉ်ကာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေါင်းတည်မြို့မ မီးသတ်စခန်းနှင့် ၆ မိုင်အကွာရှိ ညောင်ပင်ကုန်းကျေးရွာ၊ ဒေါ်ဝင်းကြည် ပိုင်ဆိုင်သောနေအိမ်တွင် လူစောင့်မရှိဘဲ ထင်းမီးဖြင့် ရေနွေးအိုးကျိုရမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် အလျား ပေ ၃၀၊ အနံပေ ၃၀ ရှိသော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် လူနေအိမ် တစ်လုံးမီးလောင်ခဲ့ပြီး ယင်းနေအိမ်၏ ခြေရင်းဘက်ရှိ နေအိမ်ဘေးပျဉ်ကာများသို့ ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့မမီးသတ်စခန်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းဦးဆောင်၍ နတ်တလင်းမြို့နယ်မှ မီးသတ်ယာဉ်တစ်စီးအပါအဝင် စုစုပေါင်း မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယဉ် ၄ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၅၅ မိနစ်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

သူရကြီး (ပြန်/ဆက်)