မြောင်းမြ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျောင်းတိုက်၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်မူမည့် သက္ကဝတီရွှေဘုန်းရှင်စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းနားကို ယနေ့နံနက် (၇)နာရီအချိန်က စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
အခမ်းအနားကို "နမော တဿ" (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပညာသီဟ အလယ်တောရကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူခြင်း၊ ဘုရားဒါယကာ၊ ဒါယိကာမ၊ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ပရိတ်ချည်နှင့် ပရိတ်သဲများ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားဒါယကာ၊ ဒါယိကာမများနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် (၃)ကြိမ် လှည့်လည်ပင့်ဆောင်ပူဇော်ခြင်း၊ နံနက် ၈ နာရီအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား အမွှေးနံသာများ ပက်ဖျန်း၍ တာဝန်ရှိသူများက ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဆရာတော်သံဃာတော်များ ဦးဆောင်၍ "ဇယန္တော ဗောဓိယာ မူလေ"အစချီ ဇယျမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အလှူဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)