လှိုင်းဘွဲမြို့နယ်၌ ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

လှိုင်းဘွဲ မတ် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒေသအသီးသီးရှိ ကျေးရွာများတွင် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရနှင့် ဆရာတော်၊ သံဃာတော်များက သာသနာတိုးတက်ပြန့်ပွားရေး၊ ဒေသတွင်းလူငယ်များ ယဉ်ကျေးလိမ္မာရှိစေရေးနှင့် အခြေခံဗုဒ္ဓတရားတော်များ သိရှိနိုင်စေရေးအတွက် နွေရာသီတွင် ဓမ္မစကူးလ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုများသင်တန်းကို ဒေသအသီးသီးရှိ ကျေးရွာများတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဩဝါဒများ မြွက်ကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးအုန်းတင်က ဒေသအသီးသီးရှိ ကျေးရွာများတွင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာများအနေဖြင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်အတွက် နှစ်စဉ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့အတူ ဆရာတော်/သံဃာတော်များ၊ ကျေးရွာတာဝန်ရှိသူများက ဦးဆောင်မှုဖြင့် နွေရာသီကာလတွင် လူငယ်များ ကရင်စာပေကို တတ်မြောက်စေရန်နှင့် ပြန့်ပွားရေးအတွက် ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး ဒိုင်းပြကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသော ကျေးရွာတာဝန်ရှိသူများက ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လူငယ်များ သင်တန်းတက်ရောက်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)