ညောင်တုန်း နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအတွက် PPE ဝတ်စုံများ၊ Face Shield များ၊ လက်အိတ်များ၊ လက်သန့်ဆေးရေများ၊ နှာခေါင်းစည်း (Mask) များနှင့် မဲဆန္ဒရှင် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအစရှိသည့် ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက ထုတ်ပေး လျက်ရှိရာ ရပ်/ကျေး (၅၄) အုပ်စုမှ လာရောက်ထုတ်ယူခဲ့ကြသည်။
ညောင်တုန်းမြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၅၄) အုပ်စုတွင် မဲရုံပေါင်း ၂၄၄ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၇၀၁၆၈ ဦးရှိကြောင်း မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)