စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ဘုရား၊စေတီပုထိုးများ၌ တပေါင်းလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကား

စစ်ကိုင်း မတ် ၂၄

တပေါင်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၌  အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

“ဒီနှစ်တပေါင်းလပြည့်နေ့ကတော့ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးမှာ အနယ်နယ်အရပ်ရပ်ကလာရောက်ကြတဲ့ ဘုရာဖူးပြည်သူများ အထူးစည်ကားလျက်ရှိပါတယ်၊  ဘုရားဖူးပြည်သူတွေ အန္တရာယ် မဖြစ်ပွားရအောင်လည်း သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များက တောင်တက်/ တောင်ဆင်းလမ်းတွေမှာ စောင့်ကြပ်ပြီးလမ်းပြဆောင်ရွက်ပေးနေကြပါတယ်၊ ရင်ပြင်တော်ပေါ်ရောက်လာတဲ့ မော်တော်ယာဉ်များကိုလည်း စနစ်တကျဖြစ်အောင်တာဝန်ရှိသူတွေ၊ ဘုရားဂေါပကအဖွဲ့တွေကလည်း ဘရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာဘုရားဖူးနိုင်အောင် ဆောင်ရွက်ပေးပါတယ်၊ သာသနာ့ဗိမာန်တော်ကြီး ပြီးစီးပြီဖြစ်တဲ့အတွက် ရဟန်း၊ ရှင်၊ လူပြည်သူတွေ ညအိပ်ညနေ လွတ်လပ်စွာ ဘုရားဖူးမြှော်နိုင်ကြပါပြီ” ဟု ဆွမ်းဦး ပုညရှင်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

အလားတူ စစ်ကိုင်းမြို့၏ မြောက်ဖက်‌(၅)မိုင်ခန့်အကွာ တည်ထားသည့် ကောင်းမှုတော်စေတီ တော်မြတ်ကြီးတွင်လည်း   အနယ်နယ်အရပ်ရပ်မှ   ဘုရားဖူးပြည်သူများဖြင့်   စည်ကားလျက်ရှိကြောင်း သိရှိရသည်။

"ဦးလေးတို့က ကျောက်ဆည်မြို့ကနေလာတာပါ။ မိသားစုတွေ၊ အသိမိတ်ဆွေတွေ စုပေါင်းပြီးတော့ စစ်ကိုင်းမြို့မှာရှိတဲ့ သမိုင်းဝင်ဘုရားတွေကို လာဖူးကြတာပါ။ စစ်ကိုင်းဘက်မှာရှိတဲ့ ဘုရားတွေ ဖူးမြော်ချင်တာကြာပါပြီ။ အခုမှပဲ ဆန္ဒတွေပြည့်ဝသွားတော့တယ်။ ဂေါပကအဖွဲ့တွေ ဘုရား မှာတာဝန်ရှိတဲ့သူတွေကလည်း စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်အောင် ဆောင်ရွက်ပေးကြပါတယ်" ဟု ဘုရားဖူးပြည်သူတစ်ဦးက ပြောသည်။        

ဇော်မြင့်နိုင်