ကန်ကြီးထောင့် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ ၁၃၉ ရုံ၌ တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများထံဖြန့်ဝေရန် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လည် ၁၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Face Shield ၊ KN-95၊ PPE ဝတ်စုံများ၊ Exam Glove၊ Surgical Gown၊ Surgical Glove ၊ Protective Face Mask ၊ Goggles ၊ Boot စသည့် ပစ္စည်းများကို ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံ စနစ်တကျဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံရှိပြီး မဲဆန္ဒရှင် ပြည်သူ ၁၃၅၇၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)