ဘားအံ မတ် ၂၄
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မီးသတ်ဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၈၁ ဒဿမ ၁၇၀)သန်းဖြင့် တည်ဆောက်ခဲ့သော Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန် အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ တန်းမြင့်ကျောင်းလမ်း၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။
အဆောက်အဦဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနတွင် Command and Control Center တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသည့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များကျရောက်ကြုံတွေ့လာချိန်တွင် အမြန်သိရှိတုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မီးသတ်ဦးစီးဌာနတွင် Men Power, Equipment Power နှင့် Technological Power တို့ကိုဟန်ချက်ညီအောင် တည်ဆောက်နေချိန်တွင် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနည်းတူ ခေတ်မီနည်းပညာများအသုံးပြုပြီး မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များကို လျင်မြန်စွာသိရှိနိုင်ပြီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာန Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန်အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၅၀ပေx၂၅ ပေ) RC(၃)ထပ်အဆောက်အဦအတွင်း Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန် နေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရာကြီး၌ ဆင်ယင်ကျင်းပရာ အမိတာရာမရဲကျောင်းဆရာတော်ဘဒ္ဒန္တဂုဏာလင်္ကာရအမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဘာဏကသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဘာဏကသံဃာတော်များများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်ပွဲမင်္ဂလာအခမ်းအနားကို ဆင်ယင်ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့်ဧည့်ပရိတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် အမိတာရာမရဲကျောင်းဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကိုနာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက ကြွရောက်ချီးမြှင့်တော်မူသည့် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဘာဏကသံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် အမိတာရာမရဲကျောင်းဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်ကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ အောင်ပွဲမင်္ဂလာအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF “D” လိုင်စင် ဘောလုံးနည်းပြသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကို မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ လူငယ်ရေးရာကော်မတီရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုများဆွတ်ခူးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းဖြစ်သည်နှင့်အညီ ယခုသင်တန်းကိုတက်ရောက်လာကြသည့် မြို့နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့်နည်းပြပိုင်းဆိုင်ရာခေတ်မီနည်းစနစ်များ၊ နည်းဥပဒေများကို မိမိတို့မြို့နယ်အတွင်းရှိသည့် အားကစားသမားများကိုပြန်လည်သင်ကြားလေ့ကျင့်ပေးသွားရန်နှင့် ပြုပြင်ပြောင်းလဲထားသည့် နည်းစနစ်ပိုင်းဆိုင်ရာများကိုလည်း လက်ဆင့်ကမ်းမျှဝေပေးကြရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် MFF Coach Educator က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)