သနပ်ပင် မတ် ၂၄
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားဖွင့်ပွဲအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူလသနပ်ပင်မြို့တွင်းတံတားသည် တစ်လမ်းသွားဘေလီတံတားဖြစ်ပြီး တံတားပေါ်ယာဉ်ဖြတ်သန်းစဉ် အခြားဘက်မှ ယာဉ်များစောင့်ဆိုင်းရခြင်း၊ ယာဉ်တစ်စီးချင်းစီသာ ဖြေးဖြေးမောင်းနှင်းဖြတ်သန်းရခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအတွက် ယာဉ်ကြောကြပ်တည်းခြင်းနှင့် ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများကင်းဝေးစေရန်၊ သနပ်ပင်မြို့အတွက်သာမက သီလဝါအထိ ချိတ်ဆက်မည့် လမ်းမကြီးပေါ်တွင် တည်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန် သွက်လက်စေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်လျက်ရှိသည့် သနပ်ပင်မြို့တွင်းတံတားအား နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၃၇၁၇)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက သနပ်ပင်မြို့တွင်းတံတား စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ တံတားများ တည်ဆောက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ သနပ်ပင်မြို့၊ ဒေသခံပြည်သူများကိုယ်စား ဦးဇော်ထွန်းက တံတားတည်ဆောက်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေတို့က သနပ်ပင်မြို့တွင်းတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အဆိုပါတံတားအား ဖြတ်သန်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ သနပ်ပင်မြို့တွင်းတံတားသည် အရှည်(၂၄၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၆)ပေစီရှိပြီး ရေလယ်ခန်း လူသွားလမ်းတစ်ဖက်လျှင် (၁၀)ပေခွဲစီရှိသည့် သံကူကွန်ကရစ်တံတားဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၂၀၀)သန်း၊ တံတားချဉ်းကပ်လမ်း ကျပ်(၅၁၇)သန်း၊ စုစုပေါင်း စီမံကိန်းတန်ဖိုး ကျပ်(၃၇၁၇)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)