ကန်ကြီးထောင့် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ (View Point) ဖွင့်ပွဲအခမ်းအနားအား မတ်လ(၂၂)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲနိုင်လွင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်နှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းတို့မှ ကမ်းနားလမ်းရှိ ကမ်းသာယာ (View Point) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က နှုတ်ခွန်းဆက်ဂုဏ်ယူစကားအား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကန်ကြီးထောင့်မြို့၏ မြို့မိ၊ မြို့ဖဖြစ်သူ ဦးမောင်မောင်ခင်က ကမ်းသာယာ (View Point) ဖွင့်လှစ်နိုင်ခြင်းနှင့်ပတ်သက်၍ ဝမ်းသာပီတိစကားပြောကြားခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ကမ်းသာယာ (View Point) ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ (View Point) အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့မှ စတင်ပြုပြင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆိပ်ကမ်းသာယာလှပခြင်းအားဖြင့် လူမှုစီးပွားရေးပိုမိုတိုးတက်မြင့်မားလာစေရေး၊ အနာဂါတ်ရင်သွေးငယ်များအား ရှုခြင်သဖွယ် နေထိုင်ခြင်သဖွယ် ခေတ်မီမြို့ပြတစ်ခုအဖြစ် အမွေအနှစ်ပေးအပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)