မြောင်းမြ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ယမန်နေ့ညနေပိုင်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် မြောင်းမြမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုး တို့ကကျေးရွာ အုပ်စုများရှိ မဲရုံများတွင် ပြည်သူများမဲပေးရာ၌ ကိုဗစ်−၁၉ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံအခင်း အကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်း ကြည့်ရှုခဲ့ပြီး မဲရုံတွင်လို အပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် ရပ်ကွက် (၁၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၈) အုပ်စုရှိပြီး မဲရုံ(၃၀၀)ရုံ၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၂၅၅၉၇) ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကေခိုင်စိုး(မြောင်းမြ)