ကျုံပျော် မတ် ၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အများပြည်သူ နားလည်မှုမလွဲမှားစေရေးအတွက် စည်ရုံးဟောပြောခြင်း၊ သိသင်သိထိုက်သည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စု၊ ဉာဏဗလကျောင်းတိုက်ဓမ္မာရုံ၌ မတ်လ (၂၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြည့်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမင်းက ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များကို သေချာစွာနားလည်သိရှိရန်လိုအပ်ကြောင်း၊ အဖျက်အမှောက်မီဒီယာများ၏ ကောလဟာလသတင်းများကို မယုံကြည်ဘဲ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများကိုသာ ယုံကြည်ကြရန်လိုအပ်ကြောင်း၊ အထင်အမြင်လွဲမှား၍ လမ်းမှားမရောက်စေလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား အခြားနိုင်ငံများတွင်လည်း ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ အရွယ်ရောက်သူတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အသက်အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြည့်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေအောင်က စစ်သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်သည်တစ်ဦးရရှိမည့် အကျိုးခံစားခွင့်များ၊ သင်တန်းပြီးမြောက်ပါက မိမိရပ်ရွာဒေသနှင့် နီးစပ်သော တပ်ဖွဲ့ဌာနများတွင်သာ တာဝန်ထမ်းဆောင်ရမည့် ကိစ္စများ၊ နိုင်ငံသားတိုင်း စစ်ပညာတတ်မြောက်ထားစေရေး ရည်ရွယ်ချက်များ၊ ပြည်တွင်း/ ပြည်ပ အဖျက်အမှောက်အန္တရာယ်များ ကျရောက်ပါက ကာကွယ်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အတွင်းရေးမှူး ဦးသန်းမင်းနိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ အချက်များအား ရှင်းလင်းပြောကြားခြင်း၊ ကောလဟာလသတင်းများနှင့်ပတ်သက်၍ ပြန်လည်ချပြ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် သောင်ကြီးကျေးရွာအုပ်စုနှင့် ကွင်းကြီးကျေးရွာအုပ်စုတို့မှ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့် မေးမြန်းမှုများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)