အိမ်မဲမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

အိမ်မဲ   မတ်   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက် (၁၃)လမ်းတွင်  (၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လမ်းသူလမ်းသားများက သတ်မှတ်ထားသောနေရာများတွင် နေရာယူကြသည်။ ဆက်လက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ လမ်းဖွင့်လှစ်မည့်မုခ်ဦးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သွင်စိုး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဌေးတို့က အဆိုပါလမ်းသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ တာဝန်ရှိသူများထံသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပေးအပ်ခဲ့သည်။ ထို့နောက် အဆိုပါလမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ် လမ်းမှာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အတိုင်းအတာ (၆၂၀’ × ၁၂’ × ၆”) အား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၂၇၄.၉၅၈) ကျပ်သိန်းဖြင့် လည်းကောင်း၊ ပြည်သူများမှ အတိုင်းအတာ (၃၃၃’ × ၁၂’ × ၆”) အားပူးပေါင်းထည့်ဝင်ငွေ (၁၃၂.၇)ကျပ်သိန်းဖြင့် လည်းကောင်း (၂၀-၅-၂၀၂၃) ရက်နေ့တွင်စတင်ဆောင်ရွက်ခဲ့ပြီး (၉-၆-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် ကွန်ကရစ်လမ်းကြီး ပြီးစီးသွားခြင်းကြောင့် အဆိုပါလမ်းမှ ပြည်သူများ၊ အနီးပတ်ဝန်းကျင်မှ ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲပြန်/ဆက်)