မင်းဘူးမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပ

မင်းဘူး မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက်(၉)နာရီက အ.ထ.က (၂) ကျောင်းခန်းမ၌ ဖွင့်လှစ်သည်။

ဦးစွာ မင်းဘူးမြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာကျောင်းများတွင် ပညာရေးသာမက ကျန်းမာရေးအပါအဝင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က အလေးထားလုပ်ဆောင်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်မာရေးမှူးအဆင့်(၁)ဦးလှိုင်မျိုးကျော်က ကျောင်းကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြ(၂)ဦးက လုပ်ငန်းများ စနစ်တကျရှိစေရန်နှင့် မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာများကို စာတွေ့/လက်တွေ့ဖြင့် နှစ်ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)