ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအား တောတောင်ရေမြေနှင့် သဘာဝအလှအပများ ကြည့်ရှုခံစားနိုင်ရန် လာရောက်ဖို့ဖိတ်ခေါ်

မင်းဘူး မတ် ၂၃

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ထားသော ဆင်စခန်းများတွင် တစ်ခုဖြစ်ပြီး၊ ပြည်တွင်း ပြည်ပမှ ခရီးသွားလာရန် လွယ်ကူစေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်နေရာ၊ တောတောင်ရေမြေနှင့် သဘာဝအလှအပများ၊ စိမ်းစို၍ ရှုခင်းများကောင်းသော နေရာများတွင် တည်ဆောက်ထားခြင်းဖြစ်သည်။

ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင်ရှိပြီး၊ မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ဆင်စာများအတွက် ဝါးအမျိုးမျိုးနှင့် ကိုင်းမြက်များ ပေါများသည့်အပြင် ရေအလွယ်တကူရရှိနိုင်သော မန်းချောင်းဘေး ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောတွင် ဖွင့်လှစ်ခဲ့သည်။

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော (Community Base Toursim) လုပ်ငန်းများ ထွန်းကားလာစေရန်၊ ဆင်များ၏ အလေ့အထအမူအကျင့်နှင့် နေထိုင်မှုသဘာဝများကို သိရှိနားလည်ပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုးတတ်စေရန်၊ Ecotourism ဖွင့်လှစ်တည်ထောင်ခြင်းဖြင့် မြန်မာ့သဘဝတောတောင်ရေမြေ၏ အလှအပတရားများကို ခံစားတတ်လာပြီး ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာကာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်သစ်ထုတ်ရေးဒေသ မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ရွှေစက်တော်ဘုရားမှ နှစ်မိုင်သာဝေးသောကြောင့် စက်တော်ရာ ပါဒခြေတော်ရာနှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ ဆင်များစီးပြီး မန်းချောင်းတစ်လျှောက်ရှိ တောတောင်ရေမြေ သဘာဝအလှအပတရားများကို ကြည့်ရှုခံစာရင်း မိမိတို့၏ လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်းဖြေနိုင်မည်ဖြစ်သည်။ ဆင်စခန်းတွင် ဆင် ၁၃ ကောင်ရှိပြီး ဆင်စီးခနှုန်းထားများမှာ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။ ယခင်နှစ်များက ရွှေစက်တော်ဘုရားဖူးကာလဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတာကာလများတွင်သာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူနှင့် လာရောက်လေ့လာလည်ပတ်သူ အများအပြားရှိကြောင်း သိရသည်။

မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ရေမီးအစုံဖြင့် တည်းခိုစရာ ဘန်ဂလိုများလည်းရှိပြီး၊ ရိုးရိုးတည်းခိုဆောင် တစ်လုံးလျှင် ၄၀၀၀၀ ကျပ်၊ VIP တည်းခိုဆောင်အခန်း တစ်ခန်းလျှင် ၇၀၀၀၀ ကျပ်ဖြင့် တည်းခိုနိုင်သည့် အပန်းဖြေပြီးလေ့လာချင်စရာ အထင်ကရနေရာ တစ်ခုဖြစ်တာကြောင့် ကြည်လင်အေးမြသော မန်းချောင်းရေကိုချိုး၍ တောတောင်ရေမြေနှင့် သဘာဝအလှအပတရားများကို ဆင်စီးပြီး လေ့လာခံစားလိုရင်ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းသို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတော့သည်။

ဇေယျာထက်