ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ နွေသီးနှံစိုက်ပျိုးရေဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေများရယူ

ဆိပ်ဖြူ မတ် ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက နွေသီးနှံစိုက်ပျိုးရေများပေးနေပြီး နွေသီးနှံစိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုးရေများရယူ၍ မြေပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက ဒေသခံပြည်သူများ ရာသီအလိုက် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် ဧရာဝတီမြစ်မှ စိုက်ပျိုးရေတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ဧရာဝတီမြစ်မှ ရေမြောင်းအရှည်(၃၈၀၀)ပေ၊ မြောင်းအကျယ်(၁၅)ပေ၊ ရေဝပ်ကျင်း အကျယ် (၁၂၀)ပေ၊ အနံ(၁၀၀)၊ အမြင့်(၁၀)ပေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေခေါ်မြောင်းမှတဆင့် ပင်မရေတင်စက်၊ ပင်မမြောင်းမကြီး၊ ထပ်ဆင့်ရေတင်စက် အမှတ်(၁)၊ အမှတ်(၂)တို့ကနေ နွေသီးနှံစိုက်ဧက(၅၀၀)အတွက် လက်တံမြောင်း အမှတ်(၅)မှ အမှတ်(၁၀)တို့မှ နွေသီးနှံအတွက် စိုက်ပျိုးရေးများပြည့်ဝစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ လက်တံမြောင်းအမှတ်(၅)၊ အမှတ်(၆) ရေသောက်ဧရိယာက တောင်သူတွေကို စိုက်ပျိုးမြေပြင်ရေပေးဝေနေပြီး ထပ်မံရေပေးလွှတ်မည့် လက်တံမြောင်းများအလိုက် တောင်သူများကိုလည်း ရေပေးဝေရေးကော်မတီအဖွဲ့က ကြိုတင်အသိပေးထားကြောင်း အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက တာဝန်ရှိသူထံမှ ပြောကြားသိရှိရပြီး နွေသီးနှံစိုက်ပျိုးမည့် တောင်သူများကလည်း စိုက်ပျိုးရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေသီးနှံအတွက် လျှပ်စစ်မြစ်ရေတင်မှပေးလွှတ်သည့် စိုက်ပျိုးရေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာနှင့် ပဲတီစိမ်းများကို အဓိကစိုက်ပျိုးဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊  လျှပ်စစ်မြစ်ရေတင်စီမံကိန်းက စိုက်ပျိုးရေပြည့်ဝစွာရရှိခြင်းကြောင့် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စိုက်ပျိုးသီးနှံများ အောင်မြင်ထွန်းမှုများရရှိပြီး မိသားစုစားဝတ်နေရေးနှင့် မိသားစုဝင်ငွေများရရှိခဲ့ပြီး နွေသီနှံစိုက်ပျိုးထုတ်လုပ်ရန် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းတူး၍ စိုက်ပျိုးရေဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေပေးဝေရေးကော်မတီထံမှ သိရသည်။                       

ကိုဇွဲ(အညာမြေ)